Skip to main content

(၁၁)လအတွင်း ကျောက်မဲနဲ့ သီပေါမှာ သေနတ် ပစ်ခတ်မှုကြောင့် (၁၈)ဦး သေဆုံး၊ ၃ ဦး ဒဏ်ရာရ

(၁၁)လအတွင်း ကျောက်မဲနဲ့ သီပေါမှာ သေနတ် ပစ်ခတ်မှုကြောင့် (၁၈)ဦး သေဆုံး၊ ၃ ဦး ဒဏ်ရာရရှိခဲ့ပါတယ်

မိုင်းရူကော၊ ရွှေဖီမြေ
နိုဝင်ဘာ ၂၂ ရက်၊ လားရှိုး

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲခရိုင် သီပေါနဲ့ ကျောက်မဲမြို့နယ်မှာ ၂ဝ၂ဝ ခုနှစ် ဇန်နဝါရီလ ၁ ရက်ကနေ ဒီနေ့ နိုဝင်ဘာ ၂၂ ရက်အထိ သေနတ်နဲ့ ပစ်ခတ်ခံရမှုကြောင့် (၁၈)ဦး သေဆုံးခဲ့ပြီး ၃ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

သီပေါမြို့နယ် ကုံးမုံရွာအနီးမှာ သေနတ်ဒဏ်ရာနဲ့ သေဆုံးခဲ့သူ အမျိုးသား ၉ ဦး၊ အမျိုးသမီး ၃ ဦး၊ ကလေးငယ် ၁ ဦး ရှိခဲ့ပြီး နမ့်ပုံ့ပရွာအကျော်မှာ အမျိုးသား ၁ ဦးနဲ့ ပန်စောက်ကျေးရွာအနီးမှာ အမျိုးသားတစ်ဦးတို့ဟာ သေနတ်ဒဏ်ရာတွေနဲ့ သေဆုံးခဲ့ပါတယ်။

စက်တင်ဘာလ ၆ ရက်က သီပေါမြို့ ရွှေကျောင်းရပ်ကွက်နေ ဒေါ်ရွှေကြာ(ခေါ်)မပြုံး အသက်(၅၆)နှစ်ဟာ သေနတ်နဲ့ ပစ်ခတ်ခံရပြီး ဒဏ်ရာရရှိခဲ့ပါတယ်။

အလားတူ မနေ့ နိုဝင်ဘာ ၂၁ ရက်က ကျောက်မဲခရိုင် အမျိုးသားလွှတ်တော်အမတ်အဖြစ် ရွေးချယ်တင်မြှောက်ခံထားရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)မှ ဦးထိုက်ဇော်ဟာ နေအိမ်မှာ သေနတ်သမားတစ်ဦးရဲ့ ပစ်ခတ်မှုကြောင့် ဆေးရုံပို့နေစဉ်မှာ သေဆုံးခဲ့ပါတယ်။

၂ဝ၂ဝ ခုနှစ် ဇန်နဝါရီလကနေ ဒီနေ့ နိုဝင်ဘာ ၂၂ ရက်အထိ ကျောက်မဲမြို့နယ်ထဲမှာလည်း သေနတ်နဲ့ ပစ်ခတ်မှုကြောင့် ၃ ဦး သေဆုံးခဲ့ပြီး ၂ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

ကျောက်မဲမြို့နယ် မိုင်းတင်းရွာခံ အမျိုးသား ၂ ဦး ပစ်သတ်ခံခဲ့ရပြီး ၁ ဦးကတော့ ဒဏ်ရာရရှိခဲ့သလို အထက်ရဲရွာ ရေအားလျှပ်စစ်သွားလမ်းမှာလည်း သြဂုတ် ၁၅ ရက်က အမျိုးသားတစ်ဦးဟာ သေနတ်နဲ့ ပစ်ခတ်ခံရပြီး ဒဏ်ရာရရှိခဲ့ပါတယ်။

ဒါ့အပြင် ကျောက်မဲမြို့နယ် ဖလိန်ကျေးရွာအနီးရှိ လက်ဖက်ခြံထဲမှာ မေလ ၁၈ ရက်က အမျိုးသမီး ၂ ဦးဟာ ဓားနဲ့ သတ်ခံခဲ့ရပါတယ်။

စက်တင်ဘာလ ၈ ရက်ကလည်း “နီလွင်” တည်းခိုခန်းမှ လင်မယား ၂ ဦးဟာ ဓားထိုးဒဏ်ရာနဲ့ သေဆုံးခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၂ဝ၁၈ အောက်တိုဘာ ၅ ရက်က ကျောက်မဲမြို့ရှိ ရွှေကျင်ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္ဘကလျာဏဝံသကို အရပ်ဝတ် သေနတ်သမား ၂ ဦးက ဘုန်းကြီးကျောင်းဝင်းထဲ ဝင်ရောက်လာပြီး ပစ်သတ်ခဲ့ဖူးပါတယ်။

သီပေါ၊ ကျောက်မဲမြို့နယ်အပြင် လားရှိုးမြို့နယ်ထဲက ခေးနင်းကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ ပညာဇောတဟာလည်း ၂ဝ၁၉ ခုနှစ် အောက်တိုဘာ ၂ဝ ရက်က အရပ်ဝတ် သေနတ်သမား ပစ်ခတ်မှုကြောင့် ပျံလွန်တော်မူခဲ့ပါတယ်။

အရပ်ဝတ် သေနတ်သမားတွေရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့တာတွေနဲ့ ပတ်သက်ပြီး လက်ရှိအချိန်ထိ တရားခံကို မဖော်ထုတ်နိုင်သေးပါဘူး။

မှတ်ချက်။ ။ ဖော်ပြပါ စာရင်းများသည် ရွှေဖီမြေ သတင်းအေဂျင်စီမှ ရရှိထားသည့် အချက်အလက်များသာဖြစ်သည်။

#သေနတ်ပစ်ခတ်မှု #သေဆုံး #ဒဏ်ရာရ #သီပေါ #ကျောက်မဲ

Catagories