Skip to main content

မန်စံကျေးရွာအတွင်း လက်နက်ကြီး ကျရောက်တာကြောင့် တိုက်ပွဲရှောင်ဒေသခံတွေ မြို့ပေါ် တိမ်းရှောင်ခဲ့ရ

မန်စံကျေးရွာအတွင်း လက်နက်ကြီး ကျရောက်တာကြောင့် တိုက်ပွဲရှောင်ဒေသခံတွေ မြို့ပေါ် တိမ်းရှောင်ခဲ့ရ

ရွှေဖီမြေ၊ မတ်လ ၄ ရက်၊ နမ္မတူ

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၈ ရက်က ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ် မန်စံကျေးရွာထဲ လက်နက်ကြီးတစ်လုံး ကျရောက်တာကြောင့် မန်စံကျေးရွာဘုန်းကြီးကျောင်းမှာရှိတဲ့ တိုက်ပွဲရှောင်နဲ့ ကျေးရွာခံအချို့ဟာ မြို့ပေါ်ကို ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ သိရပါတယ်။

မန်စံကျေးရွာဘုန်းကြီးကို ရောက်ရှိလာတဲ့ တိုက်ပွဲရှောင်တွေဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၃ ရက်က SSPP၊ TNLA ပူးပေါင်းတပ်ဖွဲ့နဲ့ RCSS တပ်တို့အကြား မန်ဝါကျေးရွာအနီးမှာ ဖြစ်ပွားခဲ့တဲ့တိုက်ပွဲကြောင့် ကျေးရွာခံ (၁၅၀)ဦး ထွက်ပြေးတိမ်းရှောင်နေရတာပဲ ဖြစ်ပါတယ်။

နမ္မတူမြို့နယ် မေတ္တာရှင် လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက “မန်စံမှာ လက်နက်ကြီးကျတော့ မန်စံကလူတွေ အကုန်ထွက်ပြေးလာတယ်။ မြို့ပေါ်တော့ (၇၅)ဦး ပြေးလာတယ်။ ပန်လုံဘက်မှာလည်း (၇၀)ကျော် ထွက်ပြေးတယ်လို့ကြားတယ်။ တခြားနေရာတော့ ကျနော်မသိသေးဘူး” လို့ ပြောပါတယ်။

မန်စံကျေးရွာမှာ လက်နက်ကြီးကျတာကြောင့် ကျေးရွာခံ ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ကျွဲ၊ ဝက်တွေ သေဆုံးသွားသလို သိုလှောင်ထားတဲ့ ပြောင်းဖူးအချို့လည်း မီးလောင်ဆုံးရှုံးခဲ့ပါတယ်။

အလားတူ SSPP၊ TNLA ပူးပေါင်းတပ်ဖွဲ့ RCSS တပ်တို့အကြား တိုက်ပွဲပြင်းထန်ခဲ့တာကြောင့် ဖေဖော်ဝါရီလ ၁၅ ရက်မှာ ကျောက်မဲမြို့နယ် တော့ဆန်ကျေးရွာအုပ်စုထဲက ကျေးရွာခံ (၁)ထောင်ကျော်ဟာ ပန်စံ၊ အုမ်းငန်း၊ ကန့်ကန်ကျေးရွာဘက်ကို တိမ်းရှောင်နေရပြီး နမ္မတူမြို့နယ်ထဲက မန်ဝါကျေးရွာခံတွေကလည်း မြို့ပေါ်နဲ့ မန်စံကျေးရွာမှာ လူဦးရေ (၃ဝဝ)ကျော် တိမ်းရှောင်နေရပါတယ်။

TNLA နဲ့ RCSS တို့ တိုက်ပွဲကြောင့် ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်မှာ ကျောက်မဲမြို့နယ် လွယ်အံကျေးရွာအုပ်စုထဲက ဒေသခံ ၁ ထောင်ကျော်ဟာ မြို့ပေါ်ထွက်ပြေးတိမ်းရှောင်လာခဲ့ပြီး ဒီနေ့ မတ်လ ၄ ရက်အထိ ဒေသခံ (၇၀၀)ခန့်ဟာ နေရပ်မပြန်နိုင်သေးပါဘူး။

#တိုက်ပွဲဖြစ် #ကျေးရွာခံ #တိမ်းရှောင်နေရ #နမ္မတူ
#ဓာတ်ပုံ- US US

Catagories