Skip to main content

တိုင်းရင်းသားလက်နက်ကိုင် တိုက်ပွဲကြားက မြေစာပင်များ

တိုင်းရင်းသားလက်နက်ကိုင် တိုက်ပွဲကြားက မြေစာပင်များ

မိုင်းယိုင်နီ၊ ရွှေဖီမြေ

တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PSLF/TNLA)နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA)ဘက်က တာဝန်ရှိတဲ့သူတွေဟာ ငြိမ်းချမ်းရေးတံခါးတွေ အမြဲတမ်း ဖွင့်နေတယ်လို့ ပြောဆိုနေကြပေမယ့်လည်း ၅ နှစ်အတွင်းမှာ တွေ့ဆုံးဆွေးနွေးမှုက တစ်ကြိမ်ပဲ ရှိခဲ့ပါတယ်။

ဒီရက်ပိုင်းအတွင်းမှာပဲ ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ်မှာ တိုက်ပွဲ ပြန်လည်ဖြစ်ပွားခဲ့ပါတယ်။ တိုက်ပွဲတွေကြောင့် ဒေသခံတွေက ကောက်ရိတ်ဖို့၊ ပြောင်းချိုးဖို့အတွက် အားစိုက်လုပ်ရမယ့်အစား တိုက်ပွဲတွေကြား ထွက်ပြေးရမယ့် အလုပ်ကိုပဲ ပိုအားစိုက်နေရတဲ့ အနေအထားမှာ ရှိနေပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၉ ရက်က တပ်ပေါင်းစုဖြစ်ကြတဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA)၊ TNLA နဲ့ RCSS တို့ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲကြောင့် ကျေးရွာဒေသခံ (၃ဝဝ)ကျော်ဟာ မန်စံကျေးရွာဘက်ကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပြန်ပါတယ်။

တိုက်ပွဲပြင်းထန်မှုတွေရှိခဲ့လို့ တစ်ချို့အိမ်မှာတော့ လက်နက်ကြီးတွေ ကျရောက်ခဲ့သလို အချို့လက်နက်ကြီးတွေက မပေါက်ကွဲခဲ့ပါဘူး။

ကောက်ရိတ်ဖို့နဲ့ ပြောင်းချိုးဖို့ လောနေတဲ့ ဒေသခံအချို့ကတော့ တိုက်ပွဲဖြစ်ပြီးနောက်တစ်ရက်မှာ အခြေအနေကိုကြည့်ပြီးတော့ သူတို့နေရပ်ကို ပြန်သွားတာတွေလည်း ရှိပါတယ်။

ဒီအချိန်ဟာ ကောက်ရိတ်ပြီး သီချင်းသံပျံ့လွှင့်နေရမယ့် ရာသီမှာ ဒီဒေသတွေကတော့ ဗုံးသံ၊ သေနတ်သံတွေသာ ကြားနေရပါတယ်။ အခုတော့ ဒေသခံတွေက စစ်ရှောင်စခန်းအဖြစ် ဘုန်းကြီးကျောင်းမှာ စုနေရပြီး ထမင်းတစ်နပ်စားရဖို့ ဘယ်သူက လာလှူကြမလဲဆိုတာ စောင့်မျှော်နေရတဲ့အဖြစ်မျိုး ကြုံနေရပါပြီ။

ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ်ဟာ တိုင်းရင်းသားလက်နက်ကိုင်နဲ့ တပ်မတော်တို့အကြားဖြစ်တဲ့ တိုက်ပွဲအပြင် တိုင်းရင်းသားလက်နက်ကိုင်အချင်းအချင်း ဖြစ်နေတဲ့ တိုက်ပွဲတွေလည်း မနည်းတော့ပါဘူး။

၂၀၁၅ ခုနှစ်ကနေ ၂၀၂၀ ခုနှစ်အထိ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေဖြစ်တဲ့ တိုက်ပွဲထက် တိုင်းရင်းသား လက်နက်ကိုင်အချင်းချင်းဖြစ်တဲ့ တိုက်ပွဲကြောင့် ဒေသခံတွေ ထွက်ပြေးနေရတာက ပိုများနေပါတယ်။

ပန်လုံအုပ်စုဟာ တိုက်ပွဲကြောင့် ၄ ကြိမ်မြောက် ထွက်ပြေးခဲ့ဖူးတဲ့ ကျေးရွာတစ်ရွာပါ။ အဲဒီလို ပြေးရတဲ့အထဲမှာ ကျောင်းနေရွယ်လေးငယ်တွေလည်း ပါဝင်နေပါတယ်။ တိုက်ပွဲက ကြိုသိတဲ့ ကိစ္စလည်းမဟုတ်တော့ ဆိုင်းမဆင့်ဘုံမဆင့် ထွက်ပြေးရလည်းရှိသလို တခါတလေ တောင်ယာမှာ လုပ်နေရင်းနဲ့ပြေးလွှား လုပ်ရတာတွေလည်း ရှိနေပါတယ်။

အချို့ဆို တိုက်ပွဲကြားက ဘာအဝတ်အစားမှ မယူလိုက်ရဘဲ စစ်ရှောင်စခန်းရောက်မှ ဒုက္ခတွေရောက်ခဲ့တဲ့ အဖြစ်မျိုးလည်း ကြုံဖူးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတွေဟာ တိုက်ပွဲဒဏ်ကို ခံနေရတဲ့အပြင် လူ့အခွင့်အရေး ချိုးဖောက်ခံရတာရှိသလို လက်နက်ကိုင်တပ်ဖွဲ့တွေ ကောက်ခံနေတဲ့ အခွန်တွေကိုလည်း ပေးဆောင်နေရပါတယ်။

ပန်လုံကျေးရွာမှာ ပရဟိတဘော်ဒါဆောင်ဖွင့်ထားတဲ့ ဘော်ဒါအုပ်ဟောင်း မိုင်းအိုက်ယွန်းကတော့ ကလေးတွေကို ကျောင်းကောင်းကောင်း တက်နိုင်အောင် စီမံဖို့ထက် တိုက်ပွဲဖြစ်ရင် ဘယ်လို ထွက်ပြေးမလဲဆိုတာကို ပိုစဉ်းစားခဲ့ရတယ်လို့ ပြောပါတယ်။

“၂၀၁၉ တုန်းကပေါ့။ ပန်လုံအုပ်စုနဲ့ ချောင်းဆာအုပ်စုအတွင်းမှာ ဖြစ်တဲ့တိုက်ပွဲက ကျောင်းဖွင့်ချိန်နဲ့ သွားတိုးတယ်။ ကျောင်းသားတွေကလည်း (၅ဝ)လောက်ရှိတယ်။ ဒီလောက်များတဲ့ ကျောင်းသားတွေကို ထွက်ပြေးတဲ့အချိန်မှာ စီးဖို့ဘာယာဉ်မှမရှိဘူး။ နေ့ခင်းပြေးရရင် ခံသာသေးတယ်။ တခါတလေ ညတွင်းချင်း ထွက်ရတဲ့အခါမျိုးမှာ အတော်လည်း ဒုက္ခရောက်ခဲ့တယ်။ ပရဟိတကားတွေကလည်း ကြိုစရာလူ တအားများတော့ ကျနော်တို့ဘက်ကို မလှည့်နိုင်ဘူး” ဆိုပြီး သူ့ရဲ့အတွေ့အကြုံကို ပြောပြပါတယ်။

နောက်ဆုံးမှာတော့ သူတို့ဟာ ရွာထဲက မီးမရှိတဲ့ ထော်လာဂျီကို မောင်းပြီး ကျောင်းသားတွေကို ပန်လုံရွာကနေ မန်လီရွာစစ်ရှောင်စခန်းအထိ မောင်းပြေးခဲ့ရတယ်လို့ ဆိုပါတယ်။ ဒီလိုဖြစ်စဉ်မျိုးကလည်း သူတို့အတွက် အထူးအဆန်းမဟုတ်တော့ဘူးလို့ ဆိုပါတယ်။

လွန်ခဲ့တဲ့ ၂၀၁၆ ခုနှစ် ဇူလိုင်လပိုင်းတုန်းက TNLA နဲ့ RCSS တို့ ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေကြောင့် မန်မိုင်ကျေးခံတွေဟာ အခုထိ နေရပ်မပြန်နိုင်ကြသေးပါဘူး။ သူတို့တွေက နမ္မတူမြို့ ကြူဆော့ တိုက်ပွဲရှောင်စခန်းမှာ နေထိုင်ရဆဲဖြစ်ပါတယ်။

အဲဒီတုန်းက TNLA တပ်ဖွဲ့ဝင်တွေဟာ ကျေးရွာအတွင်း နေကြပြီး RCSS တပ်ဖွဲ့တွေက ရွာအနီးအနားမှာ ရှိတဲ့အတွက် အပြန်အလှန်ပစ်ကြရင်းနဲ့ တိုက်ပွဲဖြစ်သွားကြတာ ဖြစ်ပါတယ်။

တိုက်ပွဲရှောင်စခန်းမှာ လုပ်ကိုင်စားသောက်ဖို့ အင်မတန် ခက်ပါတယ်။ သူတို့တွေဟာ နေရပ်ကို ပြန်ရမယ်ဆိုရင် ပြန်လည်ထူထောင်နိုင်ဖို့အတွက် တိုက်ပွဲကို ဖန်တီးနေတဲ့ နှစ်ဖက်က တာဝန်ရှိတဲ့သူတွေက လုပ်ဆောင်ပေးသင့်တယ်လို့ ပြောပါတယ်။

“အပစ်အခတ်တွေ ရပ်စဲစေချင်တယ်။ အဓိက ကျေးရွာပတ်ဝန်းကျင်မှာ မိုင်းရှင်းလင်းရေး လုပ်ပေးစေချင်တယ်။ ဘာလို့လဲဆိုတော့ မိုင်းတွေရှိမှာဆိုးလိုလေ။ တစ်ချို့ဒေသခံတွေက ကျေးရွာကို သွားရင်လည်း မိုင်းရှိမှာဆိုတဲ့စိတ်တွေနဲ့ ကြောက်နေရတယ်”

အလားတူ ၂၀၁၆ ခုနှစ်တုန်းမှာ နမ့်လောင်ကျေးရွာအနီးမှာ တပ်မတော်နဲ့ RCSS တို့ ဖြစ်ပွားတဲ့ တိုက်ပွဲကြောင့် အခုချိန်ထိ နမ္မတူမြို့ ကြူဆော့မှာရှိတဲ့ KBC တိုက်ပွဲရှောင်စခန်းမှာ နေထိုင်ရသူတွေလည်း ရှိနေပါတယ်။

နမ့်လောင်ကျေးရွာဟာ နမ့်ဟိုင်းကျေးရွာနဲ့ မနီးမဝေးမှာရှိတဲ့ ကျေးရွာတစ်ရွာပါ။ တပ်မတော်က နမ့်ဟိုင်းကျေးရွာအနီးမှာ ရှိနေတာဖြစ်ပြီး RCSS တွေကလည်း နမ့်လောင်ကျေးရွာအပေါ်မှာ တပ်စခန်းချနေတာ ဖြစ်ပါတယ်။

အဲဒီတိုက်ပွဲမှာ တပ်မတော်တွေက RCSS စခန်းကို လက်နက်ကြီးတွေနဲ့ လှမ်းပစ်ရာကနေစပြီး တိုက်ပွဲစဖြစ်ခဲ့တာလို့ ပြောပါတယ်။ တိုက်ပွဲက အနည်းငယ် ပြင်းထန်ခဲ့ပြီး ကောင်းကင်ပေါ်မှာလည်း လေယာဉ်တွေက တစ်ဝဲဝဲနဲ့ပစ်ခတ်နေကြတာမို့ ရွာခံတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးခဲ့ရတယ်လို့ ပြောပါတယ်။

ကြူဆော့တိုက်ပွဲရှောင်စခန်းမှာ နေထိုင်တဲ့ အမျိုးသမီးတစ်ဦးကလည်း “လုံခြုံဖို့ပေါ့။ ပြန်သွားပြီး နေထိုင်သွားတဲ့အချိန်မှာ လုံလုံခြုံခြုံနဲ့ပဲ နေသွားချင်တယ်။ တိုက်ပွဲတွေ မဖြစ်စေချင်တော့ဘူး” လို့ ပြောပါတယ်။

တိုက်ပွဲရှောင်တွေအပါအဝင် တိုက်ပွဲတွေကြောင့် မကြာခဏ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ကျေးရွာခံတွေကတော့ တိုင်းရင်းသားလက်နက်ကိုင်အချင်းချင်းအပါဝင် တပ်မတော်ကိုလည်း တစ်ဖက်နဲ့တစ်ဖက် ညှိနှိုင်းပြီး အလျော့အတင်းတွေလုပ်စေချင်သလို ငြိမ်းချမ်းရေးစားပွဲဝိုင်းမှာ ဆွေးနွေးပြီးတော့ လက်မှတ်အမြန်ရေးထိုးပေးဖို့ တောင်းဆိုနေကြပါတယ်။

ဒေသခံတွေရဲ့တောင်းဆိုချက်တွေနဲ့ပတ်သက်ပြီး TNLA တပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးမိုင်းအိုက်ကျော်က ရှေ့ဆက်ပြီး RCSS တပ်ဖွဲ့တွေဘက်ကသာ ဆွေးနွေးဖို့ဆန္ဒရှိရင် အဆင်သင့်ပဲလို့ ပြောပါတယ်။

TNLA နဲ့ RCSS တပ်ဖွဲ့အကြား ၂၀၁၅ ခုနှစ်ကစတင်ခဲ့တဲ့ တိုက်ပွဲတွေကို ရပ်တန့်ဖို့အတွက် ၂၀၁၇ ခုနှစ်မှာ ဆွေးနွေးပွဲ တစ်ခု ပြုလုပ်ခဲ့တာ ရှိပါတယ်။

ဒါပေမဲ့ အဲဒီဆွေးနွေးပွဲဟာ ထင်ထားသလာက် ခရီးမပေါက်ခဲ့ပဲ တိုက်ပွဲတွေကသာ ပိုပြင်းထန်လာနေပါတယ်။ အဲဒီဆွေးနွေးပွဲပြီးသွားတဲ့ နောက်ပိုင်းမှာတော့ နောက်တစ်ကြိမ် တွေ့ဆုံဆွေးနွေးဖို့ သဘောထူထားပေမယ့် လက်ရှိအချိန်ထိ ဆွေးနွေးမှုတွေက ထပ်မရှိလာခဲ့ပါဘူး။

အလားတူ RCSS တပ်ဖွဲ့တွေကလည်း TNLA နဲ့ ဆွေးနွေးဖို့ ငြိမ်းချမ်းရေးတံခါး အမြဲတမ်း ဖွင့်ထားတာဖြစ်ပြီး နယ်မြေပြဿနာတွေ တိုက်ပွဲလျော့ကျရေးတွေ ငြိမ်းချမ်းရေးကိစ္စအားလုံး ဆွေးနွေးရမယ်လို့ RCSS တပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး စိုင်းအုမ်ခေးက ပြောပါတယ်။

“TNLA ရော RCSS ရော ရှမ်းပြည်နယ်မှာ အတူတူနေကြပြီး တိုင်းရင်းသားအချင်းချင်းတွေလည်း ဖြစ်တဲ့အတွက် ခဏခဏတိုက်ပွဲဖြစ်တာ မကောင်းဘူးပေါ့။ ပြည်သူတွေရဲ့ဆန္ဒတွေကို အလေးထားပြီး စဉ်းစားရမယ်။ ပြီးတော့ ဘယ်လိုပဲဖြစ်နေဖြစ်နေ ရှေ့ဆက်ပြီးတော့ အတူတူ ဆက်နေသွားရမှာပဲနော်။ တစ်ပြည်နယ်ထဲသားတွေပဲလေ”

ပြည်သူတွေရဲ့တောင်းဆိုချက်တွေ ဖြစ်ချင်တဲ့ဆန္ဒတွေကို တတ်နိုင်သလောက် ဌာနချုပ်ကို တင်ပြတယ်လို့လည်း စိုင်းအုမ်ခေးက ပြောပါတယ်။

ဆွေးနွေးပွဲတွေ ရှေ့ဆက်မတိုးနိုင်သ၍တော့ ဒေသခံတွေဟာ တိုက်ပွဲကြားက မြေစာပင်ပဲ ထပ်ဖြစ်ဖို့ ရှိနေပါတယ်။

#တိုက်ပွဲ #တိုင်းရင်းသား #လက်နက်ကိုင်တပ်ဖွဲ့ #RCSS #TNLA #ကျေးရွာခံ
#ဓာတ်ပုံ- မိုင်းအနိုင်၊ ရွှေဖီမြေ, Google