Skip to main content

လက်နက်ကြီးကြောင့် ထိခိုက်ဒဏ်ရာရခဲ့တဲ့ နမ့်ပိုင်ရွာခံ ၄ ဦး ဆေးရုံမှာ ကုသမှုခံယူနေရ

လက်နက်ကြီးကြောင့်  ထိခိုက်ဒဏ်ရာရခဲ့တဲ့ နမ့်ပိုင်ရွာခံ ၄ ဦး ဆေးရုံမှာ ကုသမှုခံယူနေရပါတယ်

လွေးနှင်းဖြူ၊ ရွှေဖီမြေ
ဒီဇင်ဘာ ၁၁ ရက်၊ နမ္မတူ

RCSS နဲ့ SSPP၊ TNLA တပ်ဖွဲ့တွေအကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး ကျေးရွာထဲ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရခဲ့တဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ် နားဆိုင်းကျေးရွာအုပ်စု နမ့်ပိုင်ကျေးရွာခံ ၄ ဦးဟာ မြို့နယ်ပြည်သူ့ဆေးရုံမှာ ကုသမှု ခံယူနေရပါတယ်။

မနေ့ ဒီဇင်ဘာလ ၁၀ ရက် ညနေ ၄ နာရီခွဲအချိန်က ကျေးရွာထဲ လက်နက်ကြီး ကျရောက်ပေါက်ကွဲပြီး ကိုယ်ဝန်သည်အပါအဝင် အမျိုးသမီး ၃ ဦးနဲ့ အမျိုးသား ၁ ဦး စုစုပေါင်း ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တာပဲ ဖြစ်ပါတယ်။

နမ္မတူမြို့နယ် ကြက်ခြေနီအသင်း တပ်ဖွဲ့မှူး ဦးဝင်းကိုက “ဖြစ်စဉ်ကတော့ လက်နက်ကြီး ကျရောက်ပေါက်ကွဲပြီး ထိမှန်တာပါ။ သေနတ်ထိတာတော့ မဟုတ်ပါဘူး။ တိုက်ပွဲ ဖြစ်တဲ့နေရာကတော့ နမ့်ပိုင်ကျေးရွာရဲ့ ဟိုဘက်တောင်နဲ့ ဒီဘက်တောင် ပစ်နေတဲ့အချိန်မှာ လက်နက်ကြီး ကျရောက်တာဖြစ်တယ်” လို့ ပြောပါတယ်။

နမ့်ပိုင်ရွာခံ ဒေါ်အေးနန်း(၆၀ နှစ်)ဟာ ဘယ်ဘက်ပုခုံးနဲ့ညာဘက်ခါး၊ ကိုယ်ဝန်သည် မအေးမွန်း(၁၉ နှစ်)ဟာ ဘယ်ဘက်ပုခုံး၊ မောင်အောင်လှ(၁၇ နှစ်)ဟာ ညာဘက်ခြေသလုံးနဲ့ ညာဘက်ပေါင်၊ ဒေါ်အေးနု(၆၀ နှစ်)ဟာ ညာဘက်နားရွက်မှာ ဒဏ်ရာရရှိခဲ့ပြီး မစိုးရိမ်ရဘူးလို့ ဦးဝင်းကိုက ဆိုပါတယ်။

တိုက်ပွဲကြောင့် နားကျဲ၊ နားကျိုင်း၊ ပိန်းလုံ၊ ကွန်ကျောင်း၊ နမ့်ပိုင်နဲ့ပိန်းထွမ်ရွာက အိမ်ထောင်စု (၇၈)စု လူဦးရေ (၂၄ဝ)ဦးတို့ဟာ မန်စံကျေးရွာရှိ ဘုန်းကြီးကျောင်းမှာ ခိုလှုံနေရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၉ ရက်ကစတင်ပြီးတော့ နမ္မတူမြို့နယ် နားကျဲကျေးရွာအနီးမှာ TNLA၊ SSPP နဲ့ RCSS တို့ တိုက်ပွဲဖြစ်ပွားခဲ့တာပဲ ဖြစ်ပါတယ်။

ဒီဇင်ဘာလ ၇ ရက်မှာ RCSS နဲ့ TNLA တပ်ဖွဲ့တွေဟာ နမ္မတူမြို့နယ်နဲ့ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်အစပ်မှာ တိုက်ပွဲဖြစ်ပွားခဲ့သလို ဒီဇင်ဘာလ ၅ ရက်မှာလည်း RCSS နဲ့ SSPP တပ်ဖွဲ့တွေအကြား သီပေါမြို့နယ်ထဲမှာ ၅ မိနစ်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

#ကျေးရွာခံ #ထိခိုက်ဒဏ်ရာရ #လက်နက်ကြီးကျ #RCSS #SSPP #TNLA #နမ့်ပိုင်ရွာ #နမ္မတူ
#ဓာတ်ပုံ- ချစ်မွှေး

Catagories