Skip to main content

သီပေါမြို့နယ်ထဲမှာ RCSS နဲ့ SSPP တပ်ဖွဲ့ တိုက်ပွဲဖြစ်

သီပေါမြို့နယ်ထဲမှာ RCSS နဲ့ SSPP တပ်ဖွဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်

လွေးအေးမီး၊ ရွှေဖီမြေ
ဒီဇင်ဘာ ၅ ရက်၊ သီပေါ

ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ် မိုးတေကျေးရွာအုပ်စု နမ့်ကိုင်ကျေးရွာအနီးတစ်ဝိုက်မှာ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS/SSA)နဲ့ သျှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA)တို့အကြား ဒီနေ့ ဒီဇင်ဘာလ ၅ ရက် မနက် ၇ နာရီခွဲအချိန်မှာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲဖြစ်ပွားတဲ့နေရာရဲ့ အနီးတစ်ဝိုက်မှာ နေထိုင်တဲ့ မန်လီကျေးရွာခံတစ်ဦးက “မနက်က ရွာရဲ့ငါးမိုင်အကျော်မှာ လက်နက်ကြီးရော လက်နက်ငယ်သံရော ကြားနေရတယ်။ နာရီဝက်လောက်ကြာမယ်။ လေယာဉ်တစ်စီးက တက်သွားတယ်။ အဲဒီလေယာဉ်မလာခင် ခဏလေးအတွင်းမှာ တိုက်ပွဲသံက ငြိမ်သွားတယ်” လို့ ရွှေဖီမြေကို ပြောပါတယ်။

RCSS တပ်ဖွဲ့ဟာ SSPP တပ်ဖွဲ့ရဲ့ တပ်မ ၉၉၉ တပ်ရင်း ၂၆၄ လှုပ်ရှားရာနယ်မြေအတွင်းကို ဝင်ရောက်မိရာကနေ နှစ်ဖက်တပ် ၅ မိနစ်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း RCSS ရဲ့ သတင်းဌာနတစ်ခုဖြစ်တဲ့ Tai Freedom မှာ ရေးသားထားပါတယ်။

အလားတူ SSPP တပ်ဖွဲ့ဘက်ကလည်း RCSS က စစ်ကြောင်းနှစ်ကြောင်းနဲ့ အင်အား (၈၀)ဝန်းကျင်ဟာ SSPP ရဲ့ တပ်ရင်း ၂၆၄ လက်အောက်ခံတပ် ၇၁ ကို ထိုးစစ်ဆင်တိုက်ခိုက်တာကြောင့် ၁ နာရီဝန်းကျင် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ SSPP ရဲ့ သတင်းဌာနဖြစ်တဲ့ SSPP info မှာ ရေးသားထားပါတယ်။

တိုက်ပွဲဖြစ်ပွားတာနဲ့ပတ်သက်ပြီး SSPP ရဲ့ တာဝန်ရှိသူတွေကို ဖုန်းနဲ့ အကြိမ်ကြိမ် ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

ဒီနေ့ ဒီဇင်ဘာလ ၅ ရက်ဟာ SSPP ရဲ့ တော်လှန်ရေးသူရဲကောင်းနေ့အဖြစ် သတ်မှတ်ပြီး အမျိုးသားအတွက် အသက်သွေးပေးဆပ်ခဲ့တဲ့ သက်ဆိုင်ရာ တပ်ရင်းတပ်ဖွဲ့နဲ့ အရာရှိ သူရဲကောင်းတွေကို ဂုဏ်ပြုတဲ့ အခမ်းအနား ကျင်းပပြုလုပ်တဲ့နေ့လည်း ဖြစ်ပါတယ်။

#တိုက်ပွဲဖြစ် #နမ့်ကိုင်ရွာ #သီပေါ #RCSS #SSPP
#ဓာတ်ပုံ- မိုင်းအနိုင်၊ ရွှေဖီမြေ, Google

Catagories