Skip to main content

မိုးကုတ်မှာ သံဃာတော်အပါအဝင် လူ (၄၀)ထက်မနည်း ဖမ်းဆီးခံရ

မိုးကုတ်မှာ သံဃာတော်အပါအဝင် လူ (၄၀)ထက်မနည်း ဖမ်းဆီးခံရ

ရွှေဖီမြေ၊ မတ်လ ၁၄ ရက်၊ မိုးကုတ်

စစ်အာဏာရှင်ကို ဆန့်ကျင်ကန့်ကွက်ကြတဲ့ မန္တလေးတိုင်း မိုးကုတ်မြို့နယ်မှာ ပြီးခဲ့တဲ့ မတ်လ ၁၁ ရက်က သံဃာတော် ၃ ပါးအပါအဝင် လူ (၄၀)ဦးထက်မနည်း ဖမ်းဆီးခံခဲ့ရပါတယ်။

မတ်လ ၁၁ ရက် မနက်ပိုင်းက မြတ်စေတနာ ပရဟိတရုံးရှေ့နဲ့ ကမ္ဘာသစ် လက်ဖက်ရည်ဆိုင်ရှေ့မှာ ဖမ်းဆီးထားသူတွေကို ပြန်လွတ်ပေးဖို့ ပြည်သူတွေက ညနေ ၄ နာရီခန့်မှာ ဆန္ဒပြတောင်းဆိုခဲ့ရာ ရဲတပ်ဖွဲ့က ဖမ်းဆီးသွားတာပဲ ဖြစ်ပါတယ်။

အမည်မဖော်လိုသူ မိုးကုတ်မြို့ခံ တစ်ဦးက “အဲဒီနေ့က မနက်ပိုင်း ဖမ်းဆီးခံရသူတွေ ပြန်လွတ်ပေးဖို့ တောင်းဆိုဆန္ဒပြတယ်။ ပြန်မလွတ်ပေးတဲ့အပြင် နောက်ထပ် ဖမ်းလိုက်သေးတယ်။ ဘုန်းကြီး ၃ ပါးက ရဲနဲ့ စစ်တပ်တွေဆီ သွားညှိပေးတယ်။ အဲဒါကို စစ်တပ်က လက်မခံတော့ အကုန်ဖမ်းတယ်” လို့ ပြောပါတယ်။

စစ်အာဏာရှင် ဆန့်ကျင်တဲ့ ဆန္ဒပြမှု နေ့စဉ် လုပ်ဆောင်နေတဲ့ မိုးကုတ် လူထုကို မတ်လ ၁၁ ရက်ကစတင်ပြီး စစ်တပ်နဲ့ ရဲတပ်ဖွဲ့တွေက မျက်ရည်ယိုဗုံး အသုံးပြုပြီး ဖြိုခွဲခဲ့ပါတယ်။

“အဲဒီနေ့က မနက်ပိုင်းလည်း ဆန္ဒပြသေးတယ်။ အခြေအနေ မဆိုးသေးဘူး။ ညနေ ဆန္ဒပြ တောင်းဆိုတဲ့အချိန်မှ အခြေအနေ ဆိုးသွားတယ်။ ဘယ်နှစ်ယောက် ဖမ်းတာလဲတော့ မသိဘူး။ ကျနော်လည်း ပြေးရတယ်။ ညပိုင်းလည်း လိုက်ရှာပြီး ဖမ်းသေးတယ်” လို့ ၎င်းက ဆက်ပြောပါတယ်။

ရဲတပ်ဖွဲ့နဲ့ စစ်တပ်က မနက်ပိုင်းမှာ ၆ ဦး၊ နေ့လယ်ပိုင်း ၅ ဦး၊ ညနေပိုင်း (၂၇) ဦး ဖမ်းဆီးသွားခဲ့ပြီး ညပိုင်းတွေမှာလည်း လိုက်လံရှာဖွေဖမ်းဆီးတာတွေ လုပ်ဆောင်နေတယ်လို့ ၎င်းဒေသခံက ဆိုပါတယ်။

မိုးကုတ်မှာ ဖမ်းဆီးခံထားရသူ (၁၀၀)နီးပါး ရှိတယ်လို့ ပြောဆိုနေကြပေမဲ့ ရွှေဖီမြေက (၄၀)နီးပါး ဖမ်းဆီးခံထားရကြောင်းသာ ဆက်သွယ်လို့ ရနေပါသေးတယ်။

#ဓာတ်ပုံ- CJ
#ဆန္ဒပြလူထု #ဖမ်းဆီးခံရ #မိုးကုတ်

Catagories